သဘာဝဘေးအန္တရာယ်ကို ကြိုတင်သိမြင် သတိထားနိုင်မယ့် အရာ(၉)ချက်(သေချာသိထားသင့်ပါတယ်)

သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မှာကို ကြိုတင်နိမိတ်ပြနေတဲ့အရာတွေကို သင့်အနေနဲ့ သိရှိထားမယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သဘာဝ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့အရာတွေထဲမှာ သဘာဝဘေးအန္တရာယ်တွေလည်းအပါအဝင် ဖြစ်ပြီး ကျရောက်လာခဲ့ပြီဆိုရင်လည်း လူသားတွေက အလူးအလဲခံကြရလေ့ရှိပါတယ်။ ဒီလိုသဘာဝဘေးတွေက ဘယ်အချိန်ကျရောက်လာမလဲ၊ ဘယ်တော့ကျရောက်လာမလဲဆိုတာ လွယ်လွယ်ကူကူနဲ့ မသိရှိနိုင်ပေမယ့် မကြာခင်ရောက်ရှိလာတော့မယ်ဆိုတာကို ပြောပြနေတဲ့ရှေ့ပြေးနိမိတ်တွေတော့ရှိပါတယ်။ ဘယ်လိုအချင်းအရာတွေက ဒီလိုအဖြစ်ဆိုးကြီးတွေလာတော့မယ်ဆိုတာကို ကြိုတင်သိနိုင်သလဲဆိုတာ အောက်မှာဖော်ပြထားတဲ့ အချက်(၉)ကို ကြည့်လိုက်ကြရအောင်။

၁ – အော့ငါးကြီးများ

ပင်လယ်ကမ်းခြေတစ်ဝိုက်ကို ဒီထူးဆန်းတဲ့ငါးကြီးတွေ အသက်ရှင်လျက်ကူးခတ်လာနေပြီဆိုတာနဲ့ အဲဒီနေရာကနေ အဝေးဆုံးကုန်းမြေတစ်နေရာဆီကို မြန်မြန်ထွက်ပြေးဖို့ လိုပါတယ်။ ဒီငါးကြီးတွေက အလွန်ရှည်လျားတဲ့ ငါးမျိုးစိတ်ကြီးတွေဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၃ ထောင်ကျော်လောက်မှာ အသက်ရှင်သန်ကြပါတယ်။ ဒီငါးတွေရဲ့ ထူးခြားချက်ကတော့ ပင်လယ်ကြမ်းပြင်အောက်မှာ လှုပ်ခတ်လာမယ့် ငလျင်တွေကို ကြိုတင်သိရှိနိုင်စွမ်းရှိပြီး စူနာမီလိုမျိုး ပြင်းထန်တဲ့ သဘာဝဘေးမဖြစ်ခင် ရက်ပေါင်းများစွာအလိုမှာ ရေမျက်နှာပြင်ထက်ကို တက်လာတတ်ကြပါတယ်။ ဒီငါးတွေက ပုံမှန်အားဖြင့်တော့ အလွန်တွေ့ရခဲတဲ့ ရှားပါးငါးတွေသာဖြစ်ပြီး ရေမျက်နှာပြင်ပေါ်ကို အင်မတန်တက်ခဲတဲ့ ငါးတွေပါ။ အော့ငါးကြီးတွေက အရိုးများတဲ့ငါးအမျိုးအစားတစ်ခုဖြစ်ပြီး အရွယ်ရောက်ပြီးသား ငါးတစ်ကောင်ကို ၂၆ ပေလောက်အထိ ရှည်လျားပါတယ်။

ဒီငါးတွေရဲ့ ထူးဆန်းတဲ့သဘာဝကြောင့် ပင်လယ်ရေအောက်ငလျင်တွေကို ခံစားသိရှိနိုင်ပြီး ကုန်းမြေရှိရာဆီကို ထွက်ပြေးရောက်လာတတ်ကြတာပါ။ ဒါကြောင့် ဒီရေနက်ပိုင်းမှာနေတဲ့ ငါးကြီးတွေကို ပင်လယ်ကမ်းခြေမှာ အရှင်လတ်လတ်တွေ့ရှိခဲ့ရင်တော့ ကမ်းခြေက သိပ်မကြာခင်မှာပဲ ဆိုးရွားလွန်းတဲ့သဘာဝဘေးတွေနဲ့ ရင်ဆိုင်ရနိုင်ချေရှိပါတယ်။ ဒီလိုမျိုး ကြိုတင်သိရှိနိုင်စွမ်းရှိတဲ့ ငါးတွေမို့လို့ ဒီငါးတွေက ရေနတ်ဘုရားရဲ့ နန်းတော်တွေဆီက လာတဲ့ တမန်တော်တစ်ပါးဖြစ်တယ်လို့ ဂျပန်ဒဏ္ဍာရီတွေထဲမှာ ရေးသားထားပါတယ်။

၂ – ထူးဆန်းသောအလင်းတန်းများ

အင်မတန်ဆိုးရွားလွန်းတဲ့ သဘာဝဘေးတွေဖြစ်လာတော့မှာကို ကြိုတင်နိမိတ်ပြနေတဲ့ အရာတွေထဲမှာ ကောင်းကင်ကနေ ထူးထူးဆန်းဆန်းထွက်ပေါ်လာတတ်တဲ့ အလင်းတန်းတွေလည်း ပါဝင်ပါတယ်။ ဒီအလင်းတန်းတွေက လျှပ်စီးလျပ်နေသလို ကောင်းကင်မှာ ပေါ်ထွက်လာတတ်တဲ့ အရာတွေဖြစ်ပြီး ပုံသဏ္ဍာန်မျိုးစုံ၊ အရောင်မျိုးစုံနဲ့ မြင်တွေ့ရလေ့ရှိပါတယ်။ ဒီအလင်းတန်းတွေကိုတော့ အင်အားပြင်းထန်တဲ့ မြေငလျင်တွေမလှုပ်မီ တွေ့ရှိရလေ့ရှိတာကြောင့် ဒီအရာတွေကို မြင်လိုက်တာနဲ့ အမြန်ဆုံး နေရပ်ကနေ စွန့်ခွာကာ လုံခြုံစိတ်ချရတဲ့ တစ်နေရာဆီကို ပြေးဖို့အကြံပေးပါရစေ။ ပုံမှန်အားဖြင့်တော့ ဒီအလင်းတန်းတွေက ငလျင်မလှုပ်ခတ်မီ ရက်သတ္တပတ်အလိုမှာ ထူးဆန်းစွာပေါ်ထွက်လာတတ်ကြပြီး တစ်ခါတစ်ရံမှာတော့ ငလျင်လှုပ်ခတ်နေချိန်မှာလည်း ပေါ်လာတတ်ပါတယ်။

သိပ္ပံပညာရှင်တွေက အင်အားပြင်း ငလျင်တွေ မလှုပ်ခတ်မီ ဒီအလင်းတန်းကြီးတွေ ဘာကြောင့် ရုတ်တရက်ထွက်လာခဲ့သလဲဆိုတာကို သုတေသနပြုလုပ်ခဲ့ကြပေမယ့် ရာနှုန်းပြည့်တိကျတဲ့အဖြေတွေတော့ မရရှိသေးပါဘူး။ ဒီအလင်းတန်းကြီးတွေ ပေါ်လာတာက ဟိုးယခင်အချိန်ကတည်းက တည်ရှိခဲ့တဲ့ သဘာဝရဲ့ ဖြစ်ရပ်ဆန်းတစ်ခုသာဖြစ်ပြီး ရှေးတုန်းက လူတွေကတော့ တခြားကမ္ဘာကရောက်ရှိလာတဲ့ ဂြိုဟ်သားတွေရဲ့ ယာဉ်တွေနဲ့ သူတို့ ယာဉ်တွေဆီက ထွက်ရှိလာတဲ့ ဓာတုအမှုန်အမွှားတွေကြောင့် ဖြစ်လာတာလို့ ယုံကြည်လက်ခံထားကြပါတယ်။

၃ – ခွေးနဲ့ ကြောင်များ

သဘာဝဘေးတွေ ရောက်ရှိလာတော့မယ်ဆိုတာကို ကြိုတင်သိရှိနိုင်မယ့် နောက်ထပ် အကောင်တွေကတော့ မိမိပတ်ဝန်းကျင်မှာ ရှိနေတတ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေပဲဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေထဲမှာ အမြင်သာဆုံးနဲ့ အသိသာဆုံးတိရစ္ဆာန်တွေကတော့ ခွေးနဲ့ ကြောင်ပဲဖြစ်ပါတယ်။ သုတေသနတွေအရတော့ သဘာဝဘေးတွေ မလာခင်အချိန်မှာ ခွေးနဲ့ ကြောင်တို့ရဲ့နေထိုင်မှုပုံစံတွေက ရုတ်တရက်ပြောင်းလဲသွားတတ်ကြပြီး လူတွေကို အရင်ဆုံးအချက်ပြပေးလေ့ရှိပါတယ်။ ခွေးလေးတွေရဲ့ အနံ့ခံအာရုံနဲ့ အကြားအာရုံက လူသားတွေထက်ပိုမိုကောင်းမွန်တာကြောင့်ပတ်ဝန်းကျင်မှာ ပြောင်းလဲလာတဲ့ အရာတွေကို ကြိုတင်သိရှိနိုင်စွမ်းရှိကြပါတယ်။ သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မယ့်အချိန်မှာ ကမ္ဘာမြေက ပြောင်းလဲမှုတွေ အရင်ဆုံးဖြစ်လာပါတယ်။ ခွေးလေးတွေကတော့ အဲဒီပြောင်းလဲလာမှုတွေကို လူသားတွေထက် ခံစားသိရှိနိုင်စွမ်းရှိကြပြီး ကြိုတင်နိမိတ်ဖတ်နိုင်တာပါ။ ခွေးလေးတွေက သဘာဝဘေးတွေမလာချိန်မှာ လေထုပြောင်းလဲလာမှု၊ လေတိုက်နှုန်းမတည်ငြိမ်လာမှုနဲ့ ပုံမှန်မဟုတ်တဲ့ အနံ့တွေကို ရရှိလေ့ရှိကြပါတယ်။

၂၀၁၁ ခုနှစ်ဂျပန်နိုင်ံငံမှာ အကြီးအကျယ်ဖြစ်သွားခဲ့တဲ့ ဆူနာမီရေလှိုင်းနဲ့ ငလျင်တွေ ရိုက်ခတ်လာတော့မှာကို အရင်ဆုံး သိရှိခဲ့သူတွေကတော့ ကြောင်တွေပဲ ဖြစ်ပါတယ်။ ကြောင်တွေက အဲဒီသဘာဝဘေးကြီးမဖြစ်ခင် တစ်ပတ်လောက်မှာ ယောက်ယက်ခတ်လှုပ်ရှားနေတတ်ပြီး ဂဏှာမငြိမ်တဲ့ အပြုအမူတွေကို ပြုလုပ်လာခဲ့ကြပါတယ်။ အဲဒီလိုအချိန်ရောက်ပြီဆိုရင် ကြောင်တွေက အိပ်စက်အနားယူခြင်းလုံးဝမရှိတော့ဘဲ သူတို့အတွက် လုံခြုံမယ့်နေရာကိုပဲ အပူတပြင်းရှာဖွေနေတတ်ကြတာကို သုတေသနသမားတွေက တွေ့ရှိခဲ့ကြပါတယ်။
ဒါကြောင့် မိမိအိမ်က ကြောင်တွေ၊ ခွေးတွေရဲ့ ပုံစံက လုံးဝကို ပြောင်းလဲနေပြီဆိုရင်တော့ ဂရုစိုက်သင့်ပါတယ်။

၄ – လှိုင်းအကျမြန်ခြင်း

ကမ်းခြေကို ရိုက်ခတ်လာတဲ့ လှိုင်းတွေကလည်း သဘာဝဘေးတွေ ရောက်လာတော့မယ်ဆိုတာကို ပြောပြနေတဲ့ နိမိတ်တွေပဲဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာတော့ ပင်လယ်ထဲက တက်လာတဲ့ ရေလှိုင်းတွေက ကမ်းခြေကို ရိုက်ခတ်ပြီး အပြန်မှာ နှေးကွေးစွာနဲ့ပဲ ကျဆင်းသွားလေ့ရှိပါတယ်။ လှိုင်းတွေ မြန်မြန်ဆန်ဆန် ကျဆင်းသွားတာကို တွေ့လိုက်ရတယ်ဆိုရင်တော့ ကမ်းခြေမှာ ရပ်ကြည့်မနေသင့်တော့ဘဲ မိမိအိမ်ကိုသာ အမြန်ဆုံးပြန်ပြေးသင့်ပါတယ်။ တစ်ခါတစ်ရံမှာဆိုရင် ကျသွားတဲ့ လှိုင်းတွေက သန္တာကျောက်တန်းတွေပေါ်လာတဲ့အထိတောင် တရှိန်ထိုးကျဆင်းသွားလေ့ရှိတတ်ပါတယ်။

ဒီလို လှိုင်းအကျမြန်ခြင်းက နောက်ထပ်ပိုကြီးမားတဲ့ လှိုင်းလုံးကြီးတွေဖြစ်လာဖို့ အားယူနေခြင်းသာ ဖြစ်ပြီး သိပ်မကြာခင်မှာပဲ ကမ်းခြေကို အင်အားကောင်းကောင်းနဲ့ ပြန်လည်ရိုက်ခတ်လာတော့မယ့် နိမိတ်ပါ။ ဒီလိုမျိုး လှိုင်းအတက်အကျ မြန်ဆန်နေခြင်းတွေက သဘာဝကျတဲ့ဖြစ်စဉ်တစ်ခုမဟုတ်ဘဲ သိပ်မကြာခင်မှာပဲ ဆူနာမီရေလှိုင်းတွေ သေချာပေါက်ဖြစ်လာတော့မယ်ဆိုတာကို နိမိတ်ပြနေတဲ့ နိမိတ်တစ်ခုသာ ဖြစ်ပါတယ်။

၆ – ဆွဲလှိုင်းများ

ပင်လယ်ကမ်းခြေတစ်လျှောက်မှာ လမ်းလျှောက်နေရင်းနဲ့ ပင်လယ်ထဲက တက်လာတဲ့ ထူးဆန်းတဲ့ ရေလှိုင်းတွေကို မြင်တွေ့ရပြီဆိုရင်တော့ သိပ်မကြာခင်အချိန်အတွင်းမှာ မိုးကြိုးမုန်တိုင်း (သို့) လေဆင်နှာမောင်းတွေ တိုက်ခိုက်လာနိုင်ချေ များနေပါပြီ။ ပုံမှန်အားဖြင့်တော့ ကမ်းခြေကို ရိုက်ခတ်လာတဲ့ ရေလှိုင်းတွေက တစ်ဆက်တည်းသာဖြစ်ပြီး အခုလှိုင်းပုံစံတွေတော့ တမူထူးခြားပါတယ်။ ပင်လယ်ရေပြင်မှာဖြစ်လာတဲ့ ထူးဆန်းတဲ့ ဒီအရာကို ရေလှိုင်းတွေရဲ့ အလည်မှာ ကွက်လပ်ငယ်တစ်ခုအဖြစ်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီ ဆွဲလှိုင်းတွေက အင်အားပြင်းထန်လွန်းတာကြောင့် အတွေ့အကြုံရှိတဲ့ ဝါရင့်ရေကူးသမားတွေတောင် အဆိုပါကွက်လပ်ထဲရောက်ရှိသွားချိန်မှာတော့ ပြန်ထွက်ဖို့ ခက်ခဲတတ်ပါတယ်။ ဒီ ဆွဲလှိုင်းကြီးတွေက ဖြစ်ရိုးဖြစ်စဉ်အခြေအနေမဟုတ်ဘဲ သဘာဝဘေးတွေဖြစ်လာတော့မယ့်အချိန်တွေမှာ တွေ့ရလေ့ရှိပါတယ်။

၇ – တွင်းအောင်းတိရစ္ဆာန်များ

သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မှာကို နိမိတ်ပြနေတဲ့ အရာတွေထဲမှာ မြေကြီးထဲမှာ နေထိုင်နေတဲ့ တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှုတွေ ပြောင်းလဲလာတာတွေလည်း ပါဝင်ပါတယ်။ မီးတောင်ပေါက်ကွဲမှုတွေ၊ မြေငလျင်လှုပ်ခတ်မှုတွေနဲ့ အခြားသဘာဝဘေးအန္တရာယ်တွေဖြစ်လာတော့မှာကို တွင်းအောင်းတိရစ္ဆာန်တွေက လူတွေထက်ပိုပြီး အရင်ဆုံး သိရှိနိုင်စွမ်းရှိကြပါတယ်။ သူတို့က မြေကြီးထဲမှာနေထိုင်နေကြတဲ့ တိရစ္ဆာန်တွေဖြစ်တာကြောင့် သဘာဝဘေးဖြစ်ခါနီးဖြစ်လာတဲ့ ပြောင်းလဲမှုတွေကို ခံစားသိရှိနိုင်ကြပါတယ်။ မြွေ၊ ကြွက်၊ ကင်းခြေများနဲ့ အခြား တွင်းအောင်းအင်းဆက်အကောင်တွေက မြေကြီးပေါ် အစုလိုက် အပုံလိုက်ထွက်လာနေပြီဆိုရင်တော့ သိပ်မကြာခင်မှာပဲ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေဖြစ်လာတော့မှာ အမှန်ပါပဲ။

ဒီလို သဘာဝဘေးတွေမဖြစ်ခင် မြေကြီးအောက်မှာ နေထိုင်နေတဲ့ တိရစ္ဆာန်တွေထွက်လာခဲ့ကြတာကို အစောဆုံးမှတ်တမ်းတင်ထားနိုင်ခဲ့တာကတော့ ဘီစီ ၃၇၃ ခုနှစ်က ဖြစ်ပြီး ရောမခေတ်က မြို့ကြီးတစ်မြို့ ငလျင်ဒဏ်ကြောင့် ပျက်စီးမသွားခင် ငါးရက်အလိုမှာ တွေ့ရှိခဲ့ရတာပါ။ အဲဒီမှတ်တမ်းအရတော့ အကောင်ရေထောင်နဲ့ချီတဲ့ တွင်းအောင်းတိရစ္ဆာန်ပေါင်းများစွာက ငလျင်ကြီးမလှုပ်ခတ်မီမှာပဲ သူတို့ရဲ့ အသိုက်တွေကိုပစ်ပြီး မြို့ကို စွန့်ခွာသွားခဲ့ကြတယ်လို့ သမိုင်းမှတ်တမ်းတွေထဲမှာ ရေးသားထားခဲ့ပါတယ်။

၈ – ဝါးဘေလ်ငှက်များ

သဘာဝဘေးအန္တရာယ်ဖြစ်လာတော့မှာကို ကြိုတင်သိရှိနိုင်တဲ့ နောက်ထပ်တိရစ္ဆာန်ကတော့ တေးဆိုငှက်လို့ လူတွေက နာမည်ပေးထားကြတဲ့ ဝါးဘေလ်ငှက်တွေပဲဖြစ်ပါတယ်။ ဒီငှက်တွေက တေးဂီတအလိုက် မြည်တမ်းနိုင်လို့ လူတွေက တေးသီငှက်လို့ နာမည်ပေးထားကြပြီး အကြားအာရုံအင်မတန်ကောင်းမွန်တဲ့ ငှက်တွေပါ။ လေဆင်မုန်တိုင်းတွေ၊ မိုးကြိုးမုန်တိုင်းတွေ၊ ဟာရီကိန်းမုန်တိုင်းတွေ ဖြစ်လာတော့မယ်ဆိုရင် ဒီငှက်တွေရဲ့နေထိုင်မှုပုံစံက ရုတ်တရက် ပြောင်းလဲသွားတတ်ပြီး လုံခြုံတဲ့ နေရာတစ်နေရာကို ရှာဖွေနေတတ်ကြပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီငှက်တွေက မုန်တိုင်းတွေက ထုတ်လွှင့်တဲ့ ကြိမ်နှုန်းအသေးစားလေးတွေကိုပါ ကြားနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

၉ – ပျားများ

နောက်ထပ် သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မှာကို နိမိတ်ပြနေတဲ့အရာကတော့ ပျားတွေပဲဖြစ်ပါတယ်။ ပျားတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အမွှေးအမျှင်တွေက လေထုပြောင်းလဲမှုနဲ့ လေထုအတွင်းမှာပါလာတဲ့ လျှပ်စစ်ဓာတ်ကို သိရှိနိုင်စွမ်းရှိတာကြောင့် မုန်တိုင်းကြီးတွေရောက်မလာခင်မှာ သူတို့လုပ်ဆောင်နေကျ ဝတ်ရည်စုပ်တဲ့ အလုပ်တွေကို ပုံမှန်ထက် ၂ ဆတိုးပြီး လုပ်လေ့ရှိကြပါတယ်။ အဲဒီလိုအချိန်မှာ ပျားတွေက အင်မတန် ယောက်ယက်ခတ်နေကြပြီး ပျားအုံရှိရာကိုလည်း မကြာခဏအဝင်အထွက်တွေ ပြုလုပ်ပါတော့တယ်။ မုန်တိုင်းလာတော့မှာကြောင့် ပျားတွေက ဒီလို ပုံမှန်ထက် ပိုပြီး အလုပ်လုပ်နေစဉ်အချိန်မှာတော့ အပြင်ပတ်ဝန်းကျင်က ဘာမှမပြောင်းလဲသေးဘဲရှိနေပါသေးတယ်။
အခုပြောပြပေးသွားတာကတော့ သဘာဝဘေးအန္တရာယ်ကျရောက်လာတော့မှာကို နိမိတ်ပြနေတဲ့အရာ (၉)ခုပဲဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *