ဘယ်အရာတွေက ကိုယ့်ရဲ့စိတ်ကို စိတ်ဖိစီးမှုတွေ ဖြစ်စေတာလဲ

နေ့တိုင်းဖြတ်သန်းနေရတဲ့ ဘဝမှာ စိတ်ဖိစီးမှုဆိုတာ အနည်းနဲ့အများတော့ ရှိကြမှာပါပဲ။ စိတ်ညစ်စရာလောက်ဆိုရင် ဖြတ်ကျော်ရတာ အဆင်ပြေပေမယ့် စိတ်ဖိစီးမှု ရနေတယ်ဆိုရင်တော့ ကျော်ဖြတ်ဖို့ အားယူရမှာပါ။ စိတ်ထဲမှာ မပျော်ဘူး နေလို့ထိုင်လို့ မကောင်းဘူးလို့ ခံစားနေရတယ် တရက်နှစ်ရက် တစ်လနှစ်လ မဟုတ်ဘဲ နေ့စဥ◌်ရက်ဆက် နှစ်ရှည်လများ ကြာနေတယ်ဆိုရင်တော့ စိတ်ဖိစီးနေတာ ဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးတာတွေကနေ ရှောင်ရှားနိုင်ဖို့အတွက် ဘယ်အရာတွေက ကိုယ့်ကို စိတ်ဖိစီးမှု ဖြစ်စေလဲဆိုတာ သိထားဖို့ လိုတယ်နော်။ ကိုယ့်စိတ်ထဲမှာ စိတ်ဖိစီးမှုအဖြစ် ရှိနေတဲ့အရာတွေက ဘယ်ဟာဖြစ်မလဲဆိုတာ ဖတ်ကြည့်ရအောင်။
အလုပ်ခွင်မှာ အဆင်မပြေတာ

အလုပ်လည်း ထွက်လို့လည်း မရ အလုပ်မှာလည်း မပျော်တော့ဘဲ ကိုယ့်ကို အခက်တွေ့စေတဲ့ အလုပ်တွေပဲ ဆက်တိုက်လုပ်နေရတယ်ဆိုရင် စိတ်ဖိစီးမှုတွေ ရှိလာတတ်ပါတယ်။ ချက်ချင်း စိတ်ဖိစီးတာမျိုး မဟုတ်ဘဲ ဖြည်းဖြည်းချင်းဆီ စိတ်ညစ်ပြီး အလုပ်သွားရတော့မယ်ဆိုရင်ကို ကိုယ့်စိတ်က အလိုလိုဖိစီးနေတာမျိုးပေါ့။ ဒါကလည်း စိတ်ဖိစီးစေတဲ့ အချက် တစ်ချက်ပါပဲ။

နေထိုင်မကောင်းတာ

ကျန်းမာရေး မကောင်းဘူးဆိုရင် စိတ်ဖိစီးရတာ အမှန်ပါပဲ။ သာမာန်ဖျားနာတာမျိုး မဟုတ်ဘဲ ရေရှည်ကုသရမယ့် နာတာရှည် ဝေဒနာ ခံစားရတာမျိုးဆိုရင် နေ့တိုင်း စိတ်ဖိစီးနေမှာပါ။ နောက်ပြီး ရောဂါ ကုသဖို့ ငွေကြေးမလုံလောက်တာ အခက်အခဲ ရှိတာမျိုးပေါ့။ နောက်ပြီး ကိုယ့်ရဲ့ မိဘ မောင်နှမနဲ့ ဆွေမျိုးတွေထဲကတစ်ယောက်ယောက် နေထိုင်မကောင်းရင်လည်း စိတ်ဖိစီးမှုတွေ ခံစားရနိုင်ပါတယ်။

ပေါင်းသင်းဆက်ဆံရေး အဆင်မပြေတာ

ရုံးမှာပဲ ဖြစ်ဖြစ် သူငယ်ချင်းတွေကြားထဲမှာပဲ ဖြစ်ဖြစ် ကိုယ့်ကို အမြဲဖယ်ထားတာ စကားသေချာမပြောတာတွေက ချစ်တို့အတွက် စိတ်ဖိစီးမှုတွေ ဖြစ်စေပါတယ်။ တချို့တွေမှာတော့ ဒါက စိတ်ဖိစီးမှု အသေးစားဆိုပေမယ့် တချို့အတွက်တော့ ကြီးမားတဲ့ စိတ်ဖိစီးမှုပါပဲ။ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေတာ မလွှဲသာမရှောင်သာလို့ ဆက်ဆံနေရတဲ့ ဆက်ဆံရေးတွေ ရှိရင်လည်း စိတ်ဖိစီးမှုတွေ အလိုလို ရှိလာမှာ သေချာပါတယ်။ ဒီလိုအခြေအနေတွေ ကိုယ့်မှာ ရှိနေလား ဆန်းစစ်ပါ။

ပိုက်ဆံနဲ့ ပတ်သက်ပြီး လူတိုင်းမှာ စိတ်ဖိစီးမှု ရှိကြပါတယ်။ ပိုက်ဆံရှိရင်ပဲ ဖြစ်ဖြစ် မရှိတာပဲ ဖြစ်ဖြစ် စိတ်ဖိစီးကြပါတယ်။ ပိုက်ဆံကြောင့် အိပ်မပျော်ရလောက်တဲ့အထိ စိတ်ဖိစီးနေပြီဆိုရင် ချစ်တို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

အပြောင်းအလဲတွေနဲ့ ကြုံရတာ

ချစ်တို့ရေ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ရတာကလည်း စိတ်ဖိစီးမှု ဖြစ်စေတဲ့ အချက်တွေထဲက တစ်ချက်ပါ။ ချစ်သူနဲ့ ဝေးတာ၊ မိဘတွေနဲ့ ရုတ်တရက် ခွဲခွာရတာ၊ အလုပ်ပြောင်းတာ၊ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ရတာမျိုးတွေက ချစ်တို့အတွက် စိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေ ကိုယ့်မှာ ကြုံရပြီး မပျော်သလိုလို တစ်ခုခု ခံစားနေရရင် စိတ်ဖိစီးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ကိုယ့်ရဲ့ သိစိတ်မှာရော မသိစိတ်မှာရော ကြုံနေရတဲ့ စိတ်ဖိစီးမှုတွေကဘာတွေဖြစ်မလဲ ဖတ်ကြည့်ထားနော်။ စိတ်ဖိစီးမှုတွေ ကြုံနေရရင် ကျန်းမာရေးဆွေးနွေးပေးမယ့် ဆရာဝန်ပြတာမျိုး လုပ်ကြည့်ပါ။

Add a Comment

Your email address will not be published. Required fields are marked *