မြိတ်ခရိုင် ကျွန်းစုမြို့နယ်ထဲက တစ်ရွာလုံး ပိုက်ဆံကိုင်ခွင့် မရရှိပဲ အကြွေးနစ်မြုပ်နေတဲ့ ရွာ

Posted on

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အတွင်းရှိ ရေမြစ်ကြီး ကျေးရွာ အုပ်စုတွင် ပါဝင်သည့် အမည်က (ဒုံးဆွေသန်းကျေးရွာ) ဒုံးကျွန်း အုပ်စုအတွင်း ဒုံးပုလဲအော် ၊ ဒုံးညောင်မှိုင်း ၊ဒုံးဒဟွန်း စသည့်ကျေးရွာ အမည်များရှိကြသည်ကို လူအများကသိကြသည်။ သို့သော်( ဒုံးဆွေသန်းကျေးရွာ)ဟု ရွာလှေဆိပ် တွင် ဆိုင်းဘုတ်ကြီး တင်ထား သော်လည်း သူ့ ရွာအမည်ကို လူအများသိပ်မကြားဖူးကြ။

သည်ရွာကို ဦးဆွေသန်း ဆိုသူက လွန်ခဲ့သည့် နှစ်ပေါင်း(၄၀)ကျော်က တည်းက တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် အိမ် ခြေတစ်ရာနီးပါးပင်ရှိလာနေပြီ ဖြစ်သည်။၎င်းရွာတွင် လက်ရှိ နေထိုင်နေ ကြသူများမှာ အခြား ဒေသများမှ လာရောက် လုပ်ကိုင်ပြီး အခြေချနေထိုင်သူများဖြစ် ကြသည်။

ယခုလက်ရှိ အချိန်တွင် ဦးဆွေသန်း မှာ ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ ၎င်း အစား သမီးဖြစ်သူက ၎င်း၏ လုပ်ငန်းများအား ဆက်လက်ဦး ဆောင် လုပ်ကိုင်နေလျက်ရှိသည် ရွာရှိ ၁၂ နှစ်လ အရွယ် ယောက်ကျား ကလေးမှအစ လုပ်နိုင်ကိုင်နိုင်သည့် အမျိုးသားအား လုံးမှာ ပင်လယ်ပြင်ထွက်၍ ငါးပုစွန်ဖမ်းကာနေ့တဓူဝ လုပ်ကိုင် နေကြရသည်။

သို့သော်လည်း ၎င်းတို့ နေပူ မိုးရွာမရှောင် လုပ်ခဲ့ကြသည့် လုပ်အားခ ငွေကြေးတစ်ပြား တစ်ချပ်မှ မြင်ဖူးခြင်းမရှိကြ။ ယင်းအစား လိုအပ်သည့် ရိက္ခာ များကိုသာ သူတို့ရရှိကြသည်။ ပိုက်ဆံကိုတော့ ဒီရွာမှာ ဘယ်သူမှ မကိုင်ကြရဘူး ဟု ယင်းရွာနေ အသက် ၄၅ နှစ်ခန့်ရှိသူ အမျိုးသားက ပြောသည်။

ရွာရှိပုစွန် ငါးဖမ်းပိုက်လှေ ၉၀ ရာခိုင်နှုန်းကို ဦးဆွေသန်း ဆိုသူ က ပိုင်ဆိုင်ထားပြီး ရွာနေလူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် လည်း ၎င်း ထံတွင် အလုပ်လုပ်နေကြရသည်။ သို့သော် ရရှိသည့် လုပ်အားခကို မူငွေကြေးအဖြစ် သူဌေးကမည့်သည့် အခါကမှ ထုပ်ပေးခြင်းမရှိ။

ငွေရှိပါကလည်း ဝယ်ခြမ်းစားသောက်စရာ ဈေးဆိုင် လက်ဖက်ရည်ဆိုင် အရက်ဆိုင် ကွမ်းယာဆိုင် ဟူ၍လည်းရွာတွင် မရှိ ။
ဆိုင်ဆိုသည်က နတ္ထိ ။ ရွာသားများလို အပ်သည့် ပစ္စည်း များ အား လုံးကိုဦးဆွေသန်း ဆိုင်တစ်ခုတည်းတွင်သာ ရယူကြရသည်။ ဆိုင်ဆိုတာ သူတို့မထိုင်ဖူးကြသူကများတယ်။

တခြားရွာရောက်လို့လည်း ဆိုင်ထိုင်ဖို့ သူတို့မှာ ပိုက်ဆံမှမရှိတာ ဟု ၄၅ နှစ်ရှိ ရွာသားတစ်ဦးက ပြောသည်။ ရွာတွင် အလယ်တန်း အဆင့်ထိ စာသင် ကျောင်းရှိသော် လည်း လူငယ်သုံးပုံ တစ်ပုံမှာ ကျောင်းမနေ ကြရ။စောစော စီးစီးလုပ် ငန်းခွင်ထဲ ဝင်ရောက် လုပ်ကိုင်နေကြရသည်။

ဦးဆွေသန်း ထံတွင် ရွာ၏ လူဦးရေ ၉၀ ရာ ခိုင်နှုန်းခန့် အလုပ်လုပ်နေကြရာ တွင် အသက် ၁၈ နှစ်အောက် ရေလုပ်သား ငါးဆယ်ကျော်ခန့်လည်းဝင်ရောက်လုပ်ကိုင်နေကြသည်ဟု ရွာသားကပြောပြကြသည်။ သူဌေးနားမှာ အလုပ်လုပ်နေ သူတွေက တစ်ယောက်မှ အကြွေးမကင်းကြဘူး ။ အနိမ့်ဆုံး ဆယ်သိန်းလောက်တော့အကြွေးတင်နေကြတယ် ဟု ယင်းရွာနေထိုင်သူ အသက် ၃၅ နှစ်ရှိ အမည်မဖော်လို အမျိုးသမီး
တစ်ဦးကပြောသည်။

အကြွေးတင်နေသူများကို သူဌေးက ရသည့်လစာထဲမှ လစဉ်နုတ်ယူလျက်ရှိပြီး ယင်းလူများအားရိက္ခာ ပစ္စည်း ရောင်းချရာတွင်လည်းတစ်နေ့ နှစ်ထောင်ငါးရာ တန်ဖိုးထက် ပိုရောင်းပေးခြင်းမရှိဟု ၎င်းတို့ကဆိုသည်။ ယင်းအပြင် ကျန်းမာရေးမကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်လည်း ယင်းမိသားစုအား အလားတူတစ်နေ့ နှစ်ထောင်ထက် ပိုရောင်းပေးလေ့မရှိ ဟုရွာသားများကပြောပြသည်။

လူများတဲ့ မိသားစုက ဘယ်လိုလုပ်ပြီး စား လောက်မလဲ။ ဆန်တစ်ပြည်ပဲ တစ်ထောင်ကျော်ကျနေပြီ ဟု ရွာနေအမျိုးသမီးတစ်ဦးကပြောသည်။ အိမ်ထောင်ဦးစီး တစ်ဦးသေလျှင် ကျန်ရစ်မိ သားစုက အကြွေးကျေအောင် လုပ်ဆပ် နေရပြီး သူဌေး၏ အကြွေး သံသရာဝဲအတွင်း သူတို့ဘဝများ ရုန်းထွက်လွတ် မြောက်နို င်စွမ်း မရှိကြပေ။

crd