မင်းသားကြီးဂျက်ကီချန်းရဲ့ အမာခံပရိသတ်တိုင်း သိထားသင့်တဲ့ အကြောင်းအရာများ

Posted on

တရုတ်ပြည်မှာသာမက Hollywood က ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေထက်ပါ နာမည်ကြီးပြီး ကမ္ဘာတစ်ဝှမ်းမှာ အအောင်မြင်ဆုံး မင်းသားတစ်ယောက်ကိုပြောပါဆိုရင် မင်းသားကြီး Jackie Chan ကိုပဲ ပြောရမှာပါ။ ပရိသတ်တွေကို အကောင်းဆုံးပေးဆပ်လေ့ရှိတဲ့ JC တစ်ယောက် အသက်(၆၅)နှစ်ပြည့်ပြီးတာတောင် ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ရိုက်ကူးနေတာတွေ့ ရပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံးမင်းသားတွေစာရင်းမှာလည်း နှစ်စဉ်နှစ်တိုင်း ပါဝင်နေလေ့ရှိပါတယ်။ Jackie ဟာ သူ့ ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ရုပ်ရှင်ချစ်ပရိသတ်တိုင်းရဲ့ မေတ္တာကိုခံယူနိုင်တဲ့ မင်းသားတစ်လက်အဖြစ် ရပ်တည်နေနိုင်ခဲ့ပြီး အကောင်းဆုံးနဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားတွေများစွာကို ရိုက်ကူးပြသနိုင်ခဲ့တာကြောင့် Oscar ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီးဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ မင်းသားကြီးဂျက်ကီချန်းရဲ့ အမာခံပရိသတ်တိုင်း မဖြစ်မနေသိထားသင့်တဲ့ အကြောင်းအရာတစ်ချို့ ပဲဖြစ်ပါတယ်။

ဂျက်ကီချန်းရဲ့ငယ်ဘဝက ကြမ်းတမ်းခဲ့တယ်လို့ ဆိုရမှာပါ။ ဂျက်ကီရဲ့ ဖခင်ဟာ တရုတ်နိုင်ငံဖက်ကစပိုင်တစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ မူးယစ်ဆေးမှောင်ခိုရောင်းတဲ့သူ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ထောင်ထဲမှာ ဖူးစာဆုံခဲ့ကြတာဖြစ်ပြီး ဆင်းရဲလွန်းတဲ့အတွက် ဂျက်ကီချန်းကိုမွေးဖို့ မွေးစရိတ်တောင်မရှိခဲ့ပါဘူး။ ကြံရာမရတဲ့အဆုံးမှာတော့ ဆေးရုံစရိတ်အတွက် ဂျက်ကီကို ဆရာဝန်ဆီ (၂၆)ဒေါ်လာနဲ့ ရောင်းခဲ့ရပါတယ်။

ဂျက်ကီဟာ အနုပညာလောကထဲ မဝင်သေးစဉ်တုန်းကလည်း Nightclub တစ်ခုမှာ လုံခြုံရေးလုပ်ခဲ့ရပြီး Club မှာသောင်းကျန်းနေတဲ့သူတွေကို အပြင်ဆွဲခေါ်ထုတ်ရတဲ့အလုပ်ကို တာဝန်ယူခဲ့ရပါတယ်။ ထိုအလုပ်မှာကတည်းက ဂျက်ကီတစ်ယောက် ရန်ပွဲပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

ဂျက်ကီ့မှာ ကိုယ်ပိုင်စတန့်အဖွဲ့ လည်းရှိသေးပြီး Jackie Chan Stunt အဖွဲ့ကို (၁၉၇၆)ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဂျက်ကီဟာ သရုပ်ဆောင်ပိုင်းမှာပဲ ပိုင်နိုင်တာမဟုတ်ပဲ ဂီတပိုင်းမှာလည်း တကယ်ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ဝင်တေးတော်တော်များများကိုလည်း သီဆိုခဲ့ဖူးပြီး Disney က ရိုက်ကူးတဲ့ နာမည်ကြီး မူလန်အန်နီးမေးရှင်းထဲက I’ll make a man out of you ဆိုတဲ့ သီချင်းကိုလည်း တရုတ်ဗားရှင်းနဲ့ ပါဝင်သီဆိုခဲ့ပါသေးတယ်။

သက်စွန့်ဆံဖျားသရုပ်ဆောင်လေ့ရှိတဲ့ ဂျက်ကီတစ်ယောက် ရုပ်ရှင်ရိုက်ရင်း မကြာခဏ သေမလိုတွေဖြစ်ခဲ့ရပါတယ်။ Armour Of God ဇာတ်ကားမှာလည်း နံရံကနေ သစ်ပင်ပေါ်ခုန်ကူးတဲ့ဇာတ်ဝင်ခန်းမှာ သစ်ပင်ပေါ်မရောက်ဘဲ ပြုတ်ကျခဲ့တဲ့အတွက် ဂျက်ကီရဲ့ဦးခေါင်းခွံကွဲသွားခဲ့ပြီး နောက်ပိုင်းမှာ ဂျက်ကီရဲ့ညာဘက်နားက ကောင်းကောင်းမကြားရတော့ပါဘူး။

ဂျက်ကီဟာ အတူသရုပ်ဆောင်တဲ့ အက်ရှင်အဖွဲ့ သားတွေကို စိတ်သဘောထားပြည့်ဝစွာနဲ့ မိသားစုအရင်းလို ဆက်ဆံလေ့ရှိပြီး အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက်လည်း ဒဏ်ရာရမှာစိုးတဲ့အတွက် အကာအကွယ်တွေ ဝတ်စေခဲ့ပါတယ်။

ဂျက်ကီဟာ ဂင်းနစ်စံချိန်တင်မှတ်တမ်းမှာ တစ်ကမ္ဘာလုံးကသရုပ်ဆောင်တွေထက် စတန့်ပိုင်းအပိုင်နိုင်ဆုံးမှတ်တမ်းနဲ့ ဇာတ်ကားတစ်ကားထဲမှာတင် (၁၅)မျိုး လုပ်နိုင်တဲ့မှတ်တမ်း တို့ ရရှိထားတဲ့ မင်းသားလည်းဖြစ်ပါတယ်။ နာမည်ကြီး Zodiac ဇာတ်ကားမှာ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ ပရိုဂျူဆာ၊ စတန့်ဇာတ်ညွှန်း၊ Theme song အဆိုတော် စသဖြင့် ဂျက်ကီတစ်ယောက်တည်းနဲ့ (၁၅)မျိုးလောက် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

Douglas

Leave a Reply

Your email address will not be published. Required fields are marked *