မြန်မာ့ရာဇဝင်ထဲ က နာမည်ကျော် ကိုးသ င်္ချိုင်းသံဓား အစီအ ရင် ပြုလုပ်နည်း

ဗမာ့ ရာဇဝင်မှာထင်ရှားတဲ့ ဓား(၅)စင်းရှိခဲ့တဲ့အထဲ ‘ရွှေဓားဗိုလ်’ ကိုင်ခဲ့တယ်ဆိုတဲ့ ‘ကိုးသင်္ချိုင်းသံဓား’ လည်းပါတယ်။ ဒီလိုခေါ်တာက ဓားလုပ်တဲ့သံကိုအစွဲပြုပြီးခေါ်တာ။ ဥပမာ ‘ရွှေသံ၊မြသံ’ ဆိုတဲ့ သံအမျိုးအစားတွေနဲ့ လုပ်တဲ့ဓားတွေကို ‘ရွှေဓား၊ မြဓား’ ခေါ်သလိုမျိုးပေါ့။

သင်္ချိုင်းကိုးခုကရတဲ့သံတွေနဲ့လုပ်ထားလို့ ကိုးသင်္ချိုင်းသံဓား ခေါ်တာ။ ဓားကညိုရောင်သမ်းပြီး ညိုညစ်ညစ်၊ သွေးနဲ့ဆေးထားတာဆိုတော့ ဘယ်လိုမှပြောင်အောင် တိုက်ချွတ်ဆေးကြောလို့မရဘူးတဲ့။ အထင်တော့မသေးနဲ့၊ ဓားချင်းယှဉ်ခုတ်ရင် တဖက်ဓားပြတ်သည်အထိ ထက်တယ်၊ မာတယ်ဆိုပဲ။

ဒီရွှေဓားဗိုလ်က ဆရာဇေယျရဲ့ မြတ်လေးရွှေဓားဗိုလ်ကိုပြောတာမဟုတ်ဘူး။ မြင်ကွန်းမြင်းခုန်တိုင်အရေးတော်ပုံတုန်းက မင်းတုန်းမင်းနောက်ဖေးပေါက်ကထွက်လာရင် စောင့်ပြီးခုတ်ဖို့တာဝန်ယူထားတဲ့ ‘ရွှေဓားဗိုလ် ငပိုက်ကြီး’ ကိုပြောတာ။ (မင်းတုန်းက ဟဲ့ ငပိုက်ကြီး ငါ့လိုက်ပို့စမ်းလို့ပြောတော့ ခုတ်သတ်ရမှာ မေ့ပြီး ဘုရင်ထမ်းပို့ခဲ့တယ်ဆိုတဲ့ လူကြီး။) အရပ်စကားတွေအရ ကနောင်ကိုခုတ်တာလည်း အဲဒီ ကိုးသင်္ချိုင်းသံဓားနဲ့ပဲတဲ့။

”တို့ဦးရီးတော်၊ ပြီးတယ်၊ ပြီးတယ်နဲ့၊ ဒီဓားနဲ့ကျလည်း မခံနိုင်ပါလားကွ၊ ဟေ။” လို့ မြင်ကွန်းက ပြောသေးဆိုပဲ။ အဲ့လိုစွမ်းတာ။ (ဒါဖြင့် ဘာလို့ရွှေဓားဗိုလ်ခေါ်သေးလဲဆိုတော့၊ အဲဒီရွှေဓားကျ အဆောင်ဓားခေါ်တယ်။ ရာထူးအဆောင်အယောင်အနေနဲ့ကိုင်ရ၊ ဆောင်ရတဲ့ဓားမို့။ ဘုရင့်အနီးကပ် သက်တော်စောင့်အဆင့်လောက်ရာထူးတွေမှ ကိုင်ရတာမျိုး။ ရွှေနဲ့လုပ်တဲ့ဓားမဟုတ်ဘူး၊ ဓားအိမ်၊ဓားရိုးကို ရွှေချ၊ ရွှေပြားကပ်၊ကျောက်စီ ဘာညာ။ ဓားသွား၊ဓားရွက်မှာ ရွှေဇဝါရေးထားတယ်။ ဒါကြောင့် ‘ရွှေဓား’ ခေါ်တာ။ အစောက ရွှေသံနဲ့လုပ်တဲ့ရွှေဓားက တမျိုး။ အခေါ်တူပေမဲ့ အမျိုးကွဲတယ်) သိဒ္ဓိတင်ရတဲ့ဂါထာတွေတော့ မသိဘူး။ ဆရာ့ဆရာကြီးတွေဆီမေးပေတော့၊ ကွကိုယ်လုပ်ချင်ရင်။

ကိုးသင်္ချိုင်းသံဓား ပြုလုပ်ပုံ

အမှန်တော့ ဒီဓားဟာ အောက်လမ်းပညာနဲ့စီရင်ထားတဲ့ဓားမျိုးပါ။ တချို့ဆို အိမ်တောင်အယူခံတဲ့၊ထားအပ်တဲ့ဓားမျိုးမဟုတ်ဘူး၊ ကျက်သရေတုံးတယ်လို့ယူဆကြတယ်။ တုတ်ပြီးဓားပြီးပုဂ္ဂိုလ်တွေကိုခုတ်သတ်ဖို့အထူးသဖြင့်ရည်ရွယ်တာပါ။ ဒါကြောင့် ကနောင်ကို ဒီဓားနဲ့နွှာခဲ့တာပါ။ကနောင်က ဒုတ်ပြီးဓားပြီး သေနတ်ပြီး ကျည်မပေါက်မီးမကူးဘူးလို့ နံမယ်ကြီးတာကိုး။

ကဲ..ဘလိုလုပ်ရလဲ စ ပြောပြီ။ အရေးကြီးတဲ့အဆင့်က သံစုဆောင်းတာပဲ။ ဓားလုပ်ဖို့သံကို သင်္ချိုင်းကိုးခုက အခေါင်းရိုက်ထားတဲ့သံတွေလိုက်စုရတယ်။ သံကောင်းရဲ့လား၊ အိမ်ရိုက်သံတွေမို့လားမမေးပါနဲ့၊ အစီအရင်နဲ့လုပ်တဲ့ဓားမို့ စွမ်းတယ်လို့ မှတ်ပေါ့ဗျာ။ ယုံယုံ၊မယုံယုံ။ ပြီးရင် ဓားပုံရိုက်ပါ၊ အချောထိရအောင်ရိုက်ပါ။

ဘယ်ပုံစံဖြစ်ဖြစ်ရပါတယ်။ ကိုယ်ကြိုက်တဲ့ပုံစံရိုက်။ သင်္ချိုင်းကုန်းမှာ ရိုက်ဖို့မလိုအပ်ပါဘူး။ ပိုစွမ်းချင်ရင်တော့လဲ ပန်းပဲဖိုကြီးတခုလုံး ရွှေ့သွားပေါ့ဗျာ၊ သိပ်တော့မထူးခြားပါဘူး။ အဓိကအရေးကြီးတာက ဓားရိုက်တဲ့သူက စနေသား ဖြစ်ရပါမယ်။ ဒါအရေးကြီးတယ်။ စိတ်ကြိုက်စနေသားပန်းပဲဆရာမရရင် (ကိုယ်တိုင်ရိုက်မှာဆိုရင်ဖြစ်ဖြစ်) စနေနေ့မှာပဲရိုက်ရပါမယ်။ ဒါအရေးကြီးတယ်။

ဓားပုံချောရပြီဆိုရင် ဂါထာနဲ့ ၇ ရက်တိတိ မန်းမှုတ်ပေးရပါတယ်။ (ဘာဂါထာလဲမမေးပါနဲ့၊ မဖြေပါဘူး။ မဖြေဆို သိမှမသိဘဲကိုး။ စုံစမ်းနေတုန်းပဲ) ကဲ၊ ပုံချောရပြီးရင် ဓားဆေးရပါတော့မယ်။ ဓားဆေးတယ်ဆိုတာ ဆေးသားတင်တာကိုပြောတာ။ ဒီအဆင့်တော့ အိမ်မှာလုပ်လို့မရဘူး။ သင်္ချိုင်းကုန်းမှာသွားလုပ်ရမယ်။

ဓားဆေးတဲ့အခါမှာ အစိမ်းသေတဲ့သူရဲ့သွေးနဲ့ဆေးရမယ်။ အစိမ်းသေဆိုတာ ဆိုင်ကယ်တိုက်၊ကားမှောက်၊ အသတ်ခံရ စသဖြင့် ရုတ်တရက် အသေဆိုးနဲ့သေတဲ့သူရဲ့သွေးကိုပြောတာ။ အဲ့လို အစိမ်းသေသွေးများများစားစား မရနိုင်ရင်တော့ အစိမ်းသေရဲ့သွေးနည်းနည်းနဲ့ တခြားတိရစ္ဆာန်တွေရဲ့သွေးနဲ့ရောသုံးလို့ရပါတယ်။ ဆေးသားတင်ပြီးရင် အဲဒီဓားကို စနေသမီး မီးနေသည်ရဲ့ ခေါင်းအုံးအောက်မှာ ၇ ရက်တိတိထားရမယ်။ (မီးနေသည်ဆိုတာ ကလေးမွေးပြီးကာစ မိန်းမကိုပြောတာတော့ သိလောက်ပါတယ်နော်)

ပြီးရင် ဘုန်းကြီးတွေကမ္မဝါဖတ်နေချိန် ကမ္မဝါဖတ်သံကြားရတဲ့နေရာမှာ သွားထားပေးရမယ်။ အစအဆုံးမီရင်ပိုကောင်းတယ်။ သတိထားရမှာက အဲ့လို ဓားလာထားတာကို ဘုန်းကြီးတွေမသိဖို့လိုတယ်။ ဒီတချက်အရေးကြီးတယ်။ ပြီးရင် ကိုးမြို့ရှင်နတ်ကွန်းမှာ ၉ရက်တိတိထားရမယ်။ ဟုတ်ပြီ၊ အခုဆို အသွားသက်သက်ဓားကို အင်္ဂါစုံအောင်လုပ်လို့ရပြီ။

ဓားအိမ်ကို သုံးပြီးသား အခေါင်းစပ်တဲ့သစ်သားကိုပဲသုံးပြီးလုပ်ရမယ်။ ဒီခေတ်မှာ ဖော်မိုက်ကာပြားတွေအသုံးများတော့ ရှားတော့ရှားမယ်။ အစိမ်းသေသွေးလောက်တော့ မရှားနိုင်ပါဘူး။ ပြီးရင် ဓားရိုးကို တံစူးဝါးနဲ့လုပ်ရမယ်။ (တံစူးဝါးဆိုတာက လူသေကို မီးရှို့ရင် ထင်းပုံထဲ မီးတောက်ညီအောင်၊ အလောင်းကြွတက်လာရင် ထိုးဖို့၊ဖိဖို့သုံးတဲ့ဝါးကိုပြောတာ။ ဘုန်းကြီးပျံတွေမှာရနိုင်တယ်။)

ဓားကို သပ်ပင်းတဲ့အခါ ဓားမင်း(ဓားနှောင့်က သံကွင်း) မှာ အစိမ်းသေရဲ့ဆံပင် ၉ချောင်းရစ်ထည့်ရမယ်။ ဒါမဲ့ အသက်မဝင်သေးဘူး၊ အဲ့တော့ နောက်ဆုံးအဆင့် ဂါထာမှုတ် သိဒ္ဓိတင်အသက်သွင်း၊ ဒါဆိုပြီးပြီ။ (ဒီဂါထာလည်းမသိဘူး။ မမေးနဲ့) ဒါဆို ပြီးပြီ၊

မျက်စိထဲမြင်ကြည့်။ သွေးနဲ့ဆေးထားတော့ ဓားက ညစ်သို့သို့၊ ဓားအိမ်ကလည်း အခေါင်းကသုံးပြီးသားပျဉ်ချပ်၊ အရိုးက လူသေထိုး မီးရှို့တဲ့ဝါးနဲ့လုပ်တာ။ ဘာအထင်ကြီးစရာ တကွက်မှမရှိဘူး။ ဒါပေမဲ့ အတော်ကြောက်စရာကောင်းတဲ့ဓားကိုရပြီ။ P.S- ဒီဓားက အနီးစပ်ဆုံးပြောရရင် DC ဇာတ်ကောင် Katana ရဲ့ Soultaker နဲ့ဆင်မယ်ထင်တယ်။ ဓားနဲ့ခုတ်လို့ သေတဲ့ဝိညာဉ်တွေက ဓားကိုပြန်စောင့်ပေးရတယ်။ လူသေများလေ၊ ပါဝါကြမ်းလေ။ မျက်စိထဲမြင်လောက်မယ်ထင်တယ်ဗျ။

Wade Wilson

Suggested News

Add a Comment

Your email address will not be published. Required fields are marked *