မိဘပိုက်ဆံ နဲ့ ဂိမ်းဆော့ Fb သုံးပြီး အချိန်ဖြုန်း နေကြတဲ့ ခေတ်ကြီး မှာ ဒီလိုသားလေးမျိုး များများ ရှိစေချင်……

ဒီနေ့ နေ့လည်တုန်းက ဆိုင်ကယ်နဲ့ မိန်းနား သွားရင်း ဘီးပေါက်ပါလေရော။ အဲ့ဒီတော့ တွန်းပေါ့လေ။ပထမဆုံးတွေ့တဲ့ဆိုင်က အဖိုးကြီးတစ်ယောက် သူကကြည့်ပြီး ကျွတ်လဲရမှာတဲ့။ကလစ်ဆိုင်ကယ်မို့ သူမဖြုတ်ပေးနိုင်ဘူးတဲ့။ ခက်တယ်တဲ့။ ဟုတ်တယ်။ Click ဆိုင်ကယ်တွေက နောက်ဘီးဖြုတ်ရတာခက်တယ်။ ရှေ့နားမှာ ဘီးဖာတဲ့ ဆိုင်ရှိတယ် တစ်ပြပဲဆိုတာနဲ့ ဆက်တွန်းသွားလိုက်တာ ၆၉လမ်းနဲ့ ၃၉ လမ်းဆုံမှာ ဒီဆိုင်လေးတွေ့ပါလေရောဗျာ။ဘီးဖာပေးတဲ့ဆရာက အသက် ၁၀ နှစ်ဆိုတော့ ဟဖြစ်ပါ့မလားပေါ့။ နာမည်က မင်းခန့်ကျော်တဲ့။ ကျောင်းက ၄ တန်းဖြေ ထားတယ်ဆိုပဲ……

Click ဆိုင်ကယ်ကို မပြီး ဘီးကိုတစ်ယောက်ထဲ အလွယ်တကူ ဖြုတ်လို့ ကျွတ်အသစ်လဲပေးတာများ အတော်ကျွမ်းကျင်တာဗျ။ သူ့အဖေရဲ့ဆိုင်မှာ ကျောင်းပိတ်ရက်တွေ ကူလုပ်ပေးနေတာတဲ့။ အသက် ၈ နှစ်ကထဲက လာကူတာ အခုတော့ တော်တော်လေးကို ကျွမ်းကျင်နေပြီ။သူ့ဝမ်းသူကျောင်းနိုင်တဲ့ အသက်မွေး ပညာတတ်သွားပြီ။ဒီနေရာမှာပြောချင်တာက မိဘတိုင်း သားသမီးကို ခိုင်းပါ။ ငွေကြေးချမ်းသာတဲ့သူရော ဆင်းရဲတဲ့သူပါ သားသမီးကို အလုပ်လုပ်ခိုင်းကြပါ။

အလုပ်လုပ်ခြင်းက လူကို ရင့်ကျက်စေပါတယ်။ ကိုယ်တိုင် အလုပ်လုပ်ပြီးရှာရတဲ့ ငွေရဲ့ တန်ဘိုးကိုသိသွားတဲ့အတွက် ဘယ်တော့မှ လမ်းမှားမရောက်တော့ဘူး။ မပျင်းတော့ဘူး။အခုခေတ်မိဘတွေ သားသမီးကိုမခိုင်းကြဘူး။ အိမ်ကအကြွေးတင်နေပေမယ့် သားသမီးကြ ဖိနပ် သိန်းကျော်တန် ဆိုင်ကယ်အကောင်းစား ကားအကောင်းစား နဲ့ ထားကြတယ်။အဲ့ဒီတော့ သားသမီးက မိဘကို ကိုယ်ခြင်းလဲမစာ။ လောကနိယာမတရားလဲမသိ။ အလုပ်လဲမလုပ်ချင်။ မိမိဘဝအခြေအနေမှန်ကိုလဲ မသိ နဲ့ ဟေးလားဝါးလား အသက်ကြီးပြီး မတိုးတက်ပဲ လူညွှန့်တုန်းရပါတယ်။ အခုခေတ်ကလေးတွေပိုဆိုးပါတယ်

Game နဲ့ Facebook ကို ဘဝထင်ပြီး တစ်ချိန်လုံး နှိပ်နေတယ်။ ကိုယ်ရှာတဲ့ ပိုက်ဆံနဲ့ ကိုယ်နှိပ်ရင် မပြောလိုပါဘူး။ မိဘပိုက်ဆံနဲ့နှိပ်တာတော့ လွန်ပါတယ်။အဲ့ဒီတော့ မိဘများ သားသမီးကိုချစ်တယ်ဆို များများခိုင်းကြပါ။ ဒါမှ သူတို့ဘဝတွေတိုးတက်မှာပါ။ ငွေပုံကြီးပေးထားလဲ အချိန်တန် ကုန်သွားမှာပါ။ ငွေရှာနည်းသင်ပေးလိုက်ရင် တစ်သက်မကုန်တော့ပါဘူး။ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားနေတဲ့ လူတော်လေး မောင်မင်းခန့်ကျော်ကို အားပေးချင်ရင်တော့ ၆၉လမ်းနဲ့ ၃၉ လမ်းဒေါင့်မှာရှိတဲ့ သူ့ဆိုင်မှာ တာယာလဲတာ လေချိန်တာ ဘီးဖာတာတွေ လုပ်ပေးနေ ပါတယ်လို့….

Credit PyiSoeOo Mandalay

Add a Comment

Your email address will not be published. Required fields are marked *